International News

စင်ကာပူလေကြောင်းလိုင်း (SIA) က ဝန်ထမ်းအင်အား ၄,၃၀၀ ခန့်ကို လျှော့ချမည်

Last Updated:

ကိုဗစ် ၁၉ ၏ ဆိုးရွားသည့် သက်ရောက်မှုများကြောင့် လေကြောင်းလုပ်ငန်းများ၏ ပြန်လည်နာလန်ထူနိုင်မှုအခြေအနေမှာ မျှော်မှန်းထားသည် ထက် နှေးကွေးနေသဖြင့် စင်ကာပူ လေကြောင်းလိုင်းလုပ်ငန်းအုပ်စု  (SIA Group) သည် ၎င်း၏ ဝန်ထမ်း ၄,၃၀၀ ခန့်ကို လျှော့ချသွားရမည် ဖြစ်ကြောင်း ၁၀- ၉ - ၂၀၂၀ ရက်နေ့တွင် ပြောကြားပါသည်။

ထိုသို့ လျှော့ချမည့်ဝန်ထမ်းဦးရေ ၄,၃၀၀ တွင် အလုပ်အကိုင်ငှားရမ်းခန့်ထားမှုရပ်ဆိုင်းထား ခြင်း၊ ဆန္ဒအလျောက်အလုပ်မှနုတ်ထွက်ခြင်း စသည့် အစီအစဉ်များနှင့် အကျုံးဝင်သည့်ဦးရေမှာ ၁,၉၀၀ ဦးရှိမည်ဖြစ်၍ စင်ကာပူနှင့် ပြည်ပနိုင်ငံများရှိ SIA လေကြောင်းလိုင်းဝန်ထမ်း ၂,၄၀၀ ခန့်သာ ထိခိုက်မည်ဖြစ်ကြောင်း၊ အများစုမှာ နိုင်ငံခြားသားဝန်ထမ်းများဖြစ်ပါကြောင်း၊ ယခင် ဘဏ္ဍာရေးနှစ်ကုန်၌ SIA Group တွင်ပါဝင်သော SIA ၊ SilkAir နှင့် Scoot တို့၏ ဝန်ထမ်းဦးရေ မှာ ၂၁,၀၀၀ ကျော်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်ကုန်တွင် SIA Group ၏ ခရီးစဉ်ပျံသန်းနိုင်မှုမှာ ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်မည်ဟုခန့်မှန်းထားကြောင်း၊ လက်ရှိအခြေအနေမှာ ပုံမှန်ခရီးစဉ်ပျံသန်းမှု၏ ၈ ရာခိုင်နှုန်း သာ ဆောင်ရွက်နိုင်ကြောင်း၊ အခြားလေကြောင်းလိုင်းများနှင့်မတူသည့်အချက်မှာ မိမိတို့တွင် ပြည်တွင်းစျေးကွက်မရှိသည့်အတွက် ပို၍ အားနည်းချက်ရှိကြောင်း၊ ဤသို့သော မရေရာမှုကာလတွင် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အရွယ်အစားပိုမို သေးငယ်သောလေယာဉ်များကို အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SIA Group ကပြောကြားပါသည်။

စင်ကာပူသည် နိုင်ငံအချို့နှင့် စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ အပြန်အလှန်ခရီးသွားလာခွင့်ကို ဖြေလျှော့ပေးလာပြီဖြစ်သော်လည်း ရောဂါ မဖြစ်ပွားမီကာလနှင့်နှိုင်းယှဉ်ပါက ခရီးစဉ်ပျံသန်း နိုင်မှုအခြေအနေမှာ လွန်စွာကွာဟနေသေးကြောင်း၊ လေကြောင်းခရီးသွားလာမှုသည် ၂၀၂၄ ခုနှစ် မတိုင်မီအထိ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ဦးမည်မဟုတ်ကြောင်းကိုလည်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းက သုံးသပ်ထားကြောင်း၊ ယခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့် (၃)လပတ်တွင် SIA သည် အသားတင်အရှုံး စင်ကာပူဒေါ်လာ ၁.၁၂ ဘီလီယံဖြစ်ပေါ်ခဲ့သဖြင့် ၎င်း၏ အဆိုးရွားဆုံးအရှုံးပေါ်သည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times/ The Business Times

Category: International News